Sunday 29 April 2012

“အသင်္ချေ ရေတွက်ပုံ”


လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်“ဗုဒ္ဓမြတ်စွာဘုရားရှင်”သည်“ဘုရား”ဖြစ်ရန်
“ပါရမီ”များဖြည့်ကျင့်ရပါသည်။“ပါရမီ”ဟူသည့် “ပါဠိ”ဝေါဟာရသည်“မြန်မာ”လိုအနက်ပြန်
လျှင်“မြင့်မြတ်သူတို့လုပ်ငန်း”ဟူ၍ဖြစ်သည်။“မြင့်မြတ်သူ”ဆိုသည်မှာ ကိုယ်ကျိုးကိုပဓာန
မထားဘဲ သူတစ်ပါးကောင်းကျိုးကိုလည်းကောင်း၊သံသရာမှလွတ်မြောက်ဖို့ကိုလည်း
ကောင်းရည်မှန်း၍ ပြုတတ်သူများပင်ဖြစ်၏။
ထိုသူများသည် စည်းစိမ်ဥစ္စာအတွက်ဖြစ်စေ၊ရာထူးဂုဏ်သိန်အတွက်ဖြစ်စေ၊ထင်
ပေါ်ကျော်စောမှုအတွက်ဖြစ်စေ၊အများအထင်ကြီးခံရမှုအတွက်ဖြစ်စေ၊လောက ကို မိမိဘဝ
အတွက်အသုံးမချဘဲ မိမိဘ၀ကိုသာလောကအတွက် အသုံးချခဲ့သူများဖြစ်၏။မိမိဘ၀ကို
လောကအတွက် “စတေး”သူများဖြစ်၏။
မမြင့်မြတ်သူတို့သည် သူတစ်ပါးက မိမိထက်သာသွားမှာကိုစိုးရိမ်၏။ပူပန်၏။မနာလို
ဖြစ်၏။ဝန်တို၏။
မြင့်မြတ်သူတို့မှာကား သူတစ်ပါးရှိရင်းစွဲအခြေအနေမှရွေ့လျောနိမ့်ကျသွားမှာကိုစိုး
ရိမ်၏။ပူပန်၏။မိမိထက်သာသွားသည်ကိုကြည်နူး၏။ဝမ်းမြောက်၏။ချီးကျူး၏။အားတက်၏။
ထိုသူများတွင် ဂေါတမဘုရားအလောင်းတော်“သိဒ္ဓတ္ထ”မင်းသားသည် စံပြ ဖြစ်၏။
ထို့ကြောင့် ထိုမြင့်မြတ်သူတို့၏လုပ်ငန်းများကို“ပါရမီ”ဟုခေါ်ဆိုရခြင်းဖြစ်ပါသည်။
မြင့်မြတ်သူတို့၏လုပ်ငန်းများသည် သဘာဝအားဖြင့် မူ(၁၀)မျိုးသာရှိ၏။ယင်း(၁၀)မျိုး
တို့ကို ဤသို့ ခွဲခြားနိုင်၏။

ပါရမီ(၁၀)ပါး
(၁) စွန့်လွှတ်ခြင်း (ဒါန)
(၂) ကိုယ်ကျင့်ကောင်းခြင်း (သီလ)
(၃) တပ်မက်မှုကင်းခြင်း (နေက္ခမ္မ)
(၄) အမှန်အတိုင်းသိခြင်း (ပညာ)
(၅) ဇွဲလုံလရှိခြင်း (၀ီရိယ)
(၆) သည်းခံခြင်း (ခန္တီ)
(၇) မှန်ကန်ခြင်း (သစ္စာ)
(၈) ခိုင်မာသောဆုံးဖြတ်ချက်ရှိခြင်း (အဓိဋ္ဌာန်)
(၉) မေတ္တာထားခြင်း (မေတ္တာ)
(၁၀) လျစ်လျူရှုခြင်း (ဥပေက္ခာ)

အထက်ပါ “ပါရမီ”(၁၀)ပါး ၊ထို့ထက် မြင့်သော“ဒသ”“ဥပ”“ပရမတ္ထ”စသဖြင့်
ပါရမီအပြားး(၃၀)ကိုဘ၀အအဆက်ဆက်၊ကမ္ဘာအရေအတွက်ပေါင်း “၄-အသင်္ချေ နှင့် ကမ္ဘာ-၁ သိန်း” တိုင်အောင်ဖြည့်ကျင့်ခဲ့ရပါသည်။
“တစ်သင်္ချေ”ဆိုသည်မှာ (တစ်)နောက် (သုည)အလုံးပေါင်း(၁၄၀)ရှိပါသည်။
“ခု၊ဆယ်” မှ စ၍ “အသင်္ချေ ” ထိ အောင်ရေတွက် ပုံ မှာအောက်ပါအတိုင်းဖြစ်ပါသည်။

“ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊
ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊
ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊
ပု႑ရိက ၊ ကထာန ၊ မဟာကထာန ၊ အသေခ်ၤယ် ”

ဟူ၍ အစဉ်အတိုင်း ဖြစ်ပါသည်။အစဉ်အတိုင်းရေတွက်ပုံမှာ
“ဆယ်” မှ “ကုဋေ” အထိ….သုည (၁) လုံးစီတိုးရပြီး
“ကောဋိ” မှ အသင်္ချေ”ထိ မှာ ……သုည (၇) လုံးစီ တိုးရပါသည်။
ထို့ကြောင့် “တစ်သင်္ချေ ”၏ အရေအတွက်သည် တစ် နောက် သုည (၁၄၀)ဖြစ်ပါသည်။
ဤ ကဲ့သို့ ရေတွက်ရာတွင်လည်း….
“ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ” ဟူ၍ “ခု ” မှ “အက္ခေဘိဏီ” ထိ
ရေတွက်ပုံ ပမာဏ ကို ဤ ကဲ့သို့ နမူနာပြ ဆိုပါသည်။

“ ဦးစွာ ၀ါး အလုံး (၆၀) ကို တစ်လုံးတစ်စည်း ဖြတ်တောက်ပြီး အစည်း(၆၀)
ဖြစ်အောင် စည်းလိုက်ရပါမည်။ ပြီးလျှင် ထို အစည်း(၆၀) ကို ခရီးလမ်းဆုံ၊ခရီးလမ်း
မ အလယ်မှာ ထားခြင်းကြောင့် ဆင် ၊မြင်း ၊ရထား ၊ စစ်သည် ဗိုလ်ပါ ဟူသော
ရဲမက်အပေါင်းများက “ထောင်းထောင်းကြေအောင်” နင်းချေဖန်များလှတဲ့အတွက်
“မြူ”ဖြစ်ကုန်ကြရတဲ့ အရေအတွက် ပမာဏမျှ ကို “အက္ခေဘိဏီ”ဟုခေါ်ပါသည်”

ရှေးခေတ် ဇာတ်တော်ကြီးများတွင် “ရှစ်အက္ခောဘိဏီ”ရှိတဲ့ စစ်တပ်ကြီးချီလာသည်၊
“တစ်ဆယ့်ခြောက်အက္ခောဘိဏီ”ရှိတဲ့ စစ်တပ်ကြီးချီလာသည်၊စသည်ဖြင့် သုံးနှုန်းကြသည်မှာ
ဤ “အက္ခောဘိဏီ” ကိုသုံးစွဲခြင်းဖြစ်ပါသည်။

ဆက်လက်၍ “အက္ခောဘိဏီ”မှ “အသင်္ချေယျ” ထိ အရေအတွက်၏ပမာဏကို ကျမ်း
ဂန်တွင်လာသည့်အတိုင်းတင်ပြပါမည်။ ပမာဏ…မှာ
“အလျားအားဖြင့် ယူဇနာ( တစ်သန်း နှစ်သိန်း သုံထောင့်လေးရာငါးဆယ်)
အ၀န်းအားဖြင့် ယူဇနာ ( သုံးသန်း ခြောက်သိန်း တစ်သောင်းသုံးရာငါးဆယ်)ရှိသည့်
စကြ၀ဠာ တိုက် အပြည့်မျှ (သုံးနှစ်) နေ့ည မပြတ်ရွာသွန်းသော မိုးစက်မိုးပေါက်များ၏
ပမာဏ သည် “အသင်္ချေယျ”၏ အရေအတွက် ဖြစ်ပါသည်”
ကပ်ကမ္ဘာတစ်ခုတွင် “အသင်္ချေယျ ကပ်”(၄)ကပ် ရှိပါသည်။ “အသင်္ချေယျကပ်”
(၁)ကပ် သည် “အန္တရကပ်(၆၄)ကပ် ဖြင့် ဖွဲ့စည်းထားသည်။
အန္တရကပ် (၁) ကပ် ဆိုသည်မှာ ….
လူတို့၏သက်တမ်း “အသင်္ချေယျ”တန်း မှနေ၍ နှစ်(၁၀၀)ကြာ (၁)နှစ်ယုတ်နှုန်းဖြင့်၊
(၁၀)နှစ်တမ်း။ထို(၁၀)နှစ်တမ်းမှတစ်ဖန် (၂၀)နှစ်တမ်း၊(၄၀)နှစ်တမ်း စသည်ဖြင့် တစ်ပြန်တစ်
ဆစီတိုးသည့် နှုန်းဖြင့် “အသင်္ချေယျ”တန်းတိုင်အောင်ကြာညောင်းတဲ့ကာလ ကို ခေါ်ဆိုပါ
သည်။

ကျမ်းကိုး-“ဗုဒ္ဓ-လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်”(ဦးရွှေအောင်)
-“အသင်္ချေ ၏ အရေအတွက်” (လှသန့် (ပြည်) )

No comments:

Post a Comment